နှစ်ဆယ့်တစ်ရာစု ဝမ်းစာ
======================
မြို့ပတ်ရထားက သင်္ဃန်းကျွန်းဘူတာကို ဝင်တော့မှာမို့ မသိန်းမေတစ်ယောက် ကုန်စိမ်းထုပ်တွေကို အသင့်ပြင်ထားလိုက်တယ်။ ထိုင်ရာကနေထပြီး ဆာလာအိတ်တွေ၊ ပုဆိုးပိုင်းတွေနဲ့ ထုပ်စည်းထားတဲ့ ကုန်စိမ်းထုပ် လေးထုပ်ကို ထိုင်ခုံပေါ် ဆင့်တင်ထားလိုက်တယ်။ ဒါမှ ရထားရပ်တာနဲ့ ပြတင်းပေါက်ကနေ တွန်းချလို့ရမှာ မဟုတ်လား။ ရထားကလည်း တစ်ဘူတာကို သုံးမိနစ်ပဲရပ်တာလေ။ အဲဒီ သုံးမိနစ်အတွင်းမှာ အဆင်းအတက်လူတွေနဲ့ ရှုပ်ယှက်ခတ်တတ်တယ် မဟုတ်လား။ လူ ဆင်းပေါက်ကနေ ကုန်စိမ်းထုပ်တွေချနေရင် အဆင်ပြေမှာ မဟုတ်ဘူး။ ထွန်းအောင်တို့၊ မြခင်တို့၊ နွယ်နွယ်တို့လည်း မသိန်းမေလိုပဲ။ သူတို့အထုပ်တွေကို ထိုင်ခုံတွေအပေါ် အားလုံး ကိုယ်စီ တင်ထားပြီးပြီ။
အပြင်ကို ခေါင်းပြူကြည့်လိုက်တော့ ကျိုးတိုးကျဲတဲ အိမ်ကလေးတွေက မီးရထား လမ်းဘေးမှာ အစီအရီ။ တချို့အိမ်ကလေးတွေက ခြေတန်ရှည်ရှည်။ တချို့အိမ်ကလေးတွေက ခပ်ယိုင်ယိုင် ခပ်နဲ့နဲ့။ ပြိုကျတော့မယ့် အိမ်နံရံတွေကို ကျားကန်ထားတဲ့ အိမ်ကလေးတွေကလည်း ပါသေး။ တချို့အိမ်များဆိုရင် ဓနိ အမိုးတွေ ရိရွဲနေတော့ တာလဗတ်အစုတ်တွေကို ဖြစ်သလို ပစ်တင်မိုးထားတာက ရှိသေး။ ဒီကျူးကျော်အိမ်ကလေးတွေကိုမြင်တိုင်း သူ့စိတ်မှာ နုန်းချိလာတယ်။
"မသေခင်တော့ အိမ်ကလေးတစ်လုံးလောက် ပိုင်ချင်လိုက်တာ"
ဒီတောင့်တမှုဟာ နှစ်ရှည်လများ ကြာခဲ့ပြီ။ အခုထိ မပြည့်ဝသေး။ ကိုယ်ပိုင်အိမ် မပြောနဲ့ ရထားလမ်းဘေးမှာ ဖြစ်သလို ထိုးနေဖို့ ကျူးကျော်အိမ်ကလေးတစ်လုံးတောင် မဆောက်နိုင်သေး။ မသိမသာ လှိမ့်တက်လာတဲ့ အပူလုံးကို ခပ်ပြင်းပြင်းကလေး ရှိုက်ထုတ် လိုက်တယ်။ အိမ်ဆောက်ဖို့ ငွေလိုတယ် မဟုတ်လား။
ငွေဆိုတာကလည်း ဘယ်လောက်စုစု ဝင်လာရင် လိပ်လိုနှေးပြီး ထွက်သွားတော့ ယုန်တစ်ကောင်ထက် ပိုမြန်တယ်လို့ သူတွေး မိတယ်။ သူလည်း နေ့တိုင်းလိုလို ကုန်စိမ်း ရောင်းတာပါပဲ။ အခုလို မြို့ပတ်ရထားနဲ့ ဒညင်းကုန်းဈေးကနေ ကုန်းစိမ်းတွေကို ညနေ ဘက်မှာဝယ်လာ။ နောက်မနက်ကျတော့ သင်္ဃန်းကျွန်ဈေးမှာပြန်ရောင်း။ နေ့လယ် ကျပြန်တော့ မြို့ပတ်ရထားနဲ့ ဒညင်းကုန်း ဈေးကိုပြန်သွား။ ကုန်စိမ်းတွေ ထပ်ဝယ်။ ညနေပြန်လာ။ သံသရာဟာ လည်နေတယ်။ အိမ်မှာ နားရတယ်ဆိုတာ သိပ်မရှိ။ ဖျားနေရင်တောင် မနားနိုင်ခဲ့ဘူး။ သူ့နားချိန်က မြို့ပတ် ရထားပေါ်မှာသာ။ လင်လုပ်သူ ကိုတင့်ဆွေကလည်း ဆိုက်ကားနင်းတာပါပဲ။ လင်မယား နှစ်ယောက်ရတဲ့ငွေက အိမ်ငှားခ၊ ရေဝယ်ခ၊ မီးဖိုး၊ ဈေးဖိုး၊ ကလေးမုန့်ဖိုးတွေနဲ့ လောက်ငှတယ်ကိုမရှိ။ စဉ်းစားရင်းနဲ့ သူ ရင်မောလာ ပါတယ်။
"ပေါ်ပီး ……… ပီးပေါ် ……"
ဘူတာရုံကို ရောက်တော့မှာမို့ အချက် ပေးလိုက်တဲ့ ရထားဥဩဆွဲသံက သူ့နားထဲ မရောက်။ အပြင်ကို ငေးနေတဲ့ မျက်ဝန်းတွေက အသက်မဲ့နေဆဲ။ ရထားကို ဆန့်ကျင်ပြီး ဖြတ်ပြေးလာတဲ့လေတွေက သူ့မျက်နှာကို ဝင်ဝင်တိုက်တော့ အဆီဝင်းနေတဲ့ မျက်နှာဟာ ခြောက်ကပ်စေးပိုင်လာတယ်။ ပွယောင်း ခြောက်ကပ်ပြီး တွန့်လိမ်ညှိုးနွမ်းနေတဲ့ ဆံပင်တွေကလည်း သူ့မျက်နှာပေါ်မှာ ထွေပြား ခက်ဖြာလျက်။
"ဟဲ့… သိန်းမေ။ ရထားက ရပ်တော့မယ်။ ဘာတွေ စဉ်းစားနေတာလဲ"
မျက်နှာချင်းဆိုင်မှာရှိနေတဲ့ မြခင်က လှမ်းအော်မှ သူသတိကပ်လာတယ်။ ရထားပေါ်က ခရီးသည်တချို့က သူနဲ့မြခင်ကို မသိမသာ ငဲ့ကြည့်ကြတယ်။ သူဂရုမစိုက်အား။ ရထားကဆိုက်ပြီမို့ ကုန်စိမ်းထုပ်တွေကို ပြတင်းပေါက်ကနေ တွန်းချပစ်လိုက်တယ်။ ပြုတ်ကျသွားတဲ့ ကုန်စိမ်းထုပ်တွေက ရထား ပလက်ဖောင်းဘေးမှာ ကစဥ့်ကလျား။ တချို့ ခရီးသည်တွေကလည်း ပလက်ဖောင်းပေါ်က သူ့ကုန်စိမ်းထုပ်တွေကို ခွကျော်သွားလာ နေကြပြီ။
"အဆင်းလူကို ဦးစားပေးကြပါဦးတော်"
သူလည်း ရထားပေါ်ကို အတင်းတိုးတက်နေတဲ့ ခရီးသည်တွေကို လေသံမြင့်မြင့်နဲ့ အော်ပစ်လိုက်ရင်း အတင်းတိုးဆင်းသွားလိုက် တယ်။ သူ့ကို ဝေ့ဝဲကြည့်နေတဲ့ ခရီးသည်တွေရဲ့ မျက်လုံးတွေကို ဂရုမစိုက်အား။ ပလက်ဖောင်း ပေါ်ရောက်တော့ လင်တော်မောင် တင့်ဆွေကို ရှာကြည့်သေးတယ်။ မတွေ့။ ပုခုံးပေါ်တင်ထားတဲ့ တင့်ဆွေရဲ့ ပုဆိုးပိုင်းညစ်စုတ်စုတ်နဲ့ မျက်နှာကို တစ်ချက်ဖိသုတ်လိုက်တယ်။
"ဟဲ့... တင့်ဆွေ လာမကြိုဘူးလား"
နွယ်နွယ်က လှမ်းမေးမှ မေ့နေတဲ့ဒေါသက ဟုန်းခနဲ မီးထတောက်တော့တယ်။
"မသိပါဘူးအေ။ ရထားဆိုက်တာတောင် လာမကြိုပုံထောက်တော့ ဘယ်သွားနေလဲမှ မသိတာ"
လျော့ရဲရဲဖြစ်သွားတဲ့ ထဘီကို ပြန်ပြင်ကာ ခါးမှာ ခပ်တင်းတင်းပတ်လိုက်တယ်။ ထဘီ အစွန်းစကို သုံးလိမ်နာနာကျစ်ပြီး ဗိုက်ကို ရှုံ့ကာ ခါးစောင်းထဲ ထိုးသွင်းလိုက်တယ်။ ထိုအချိန်မှာ မြို့ပတ်ရထားက ဆက်လက် ထွက်ခွာဖို့ ဘီးလှိမ့်နေပြီ။ ပလက်ဖောင်းပေါ်မှာ ခါချဉ်အုံလို လှုပ်ရွနေတဲ့ လူအုပ်ကြီးလည်း ရထားပေါ်ပါသွားပြီ။ ဘူတာဟာ အနည်းငယ် ချောင်ချိသွားသလိုပဲ။ မသိန်းမေလည်း ပုခုံးပေါ်က ပုဆိုးပိုင်းကို ခပ်မြန်မြန်ခွေကာ ခေါင်းခု လုပ်ပြီး ခေါင်းပေါ်အသာတင်လိုက်တယ်။
"ထွန်းအောင်ရေ။ ငါ့ကို ပင့်ပါဦးဟယ်"
ဘေးနားမှာ အထုပ်တွေစစ်နေတဲ့ ထွန်းအောင်နဲ့ နွယ်နွယ်တို့က သူ့ကို ဝိုင်းပင့်ကြတယ်။
"နောက်တစ်ထုပ် ထပ်ဆင့်ပေးဦး"
သူ့စကားဆုံးတော့ သူ့ခေါင်းပေါ် ကုန်စိမ်း ထုပ်နှစ်ထုပ်ဆင့်လျက် ရောက်ရှိနေပြီ။ အိမ်နဲ့ ဘူတာက မဝေးတော့ ခပ်မြန်မြန်ပဲ လျှောက်လာလိုက်တယ်။ ခေါင်းပေါ်က အထုပ်တွေက ကျင့်သားရပြီးသားမို့ တုပ်တုပ်မျှ မလှုပ်။
အိမ်ရှေ့ရောက်တော့ တင့်ဆွေရဲ့ ဆိုက်ကား ရပ်ထားတာကို တွေ့လိုက်ရတယ်။
"တင့်ဆွေ နင်ရှိရဲ့သားနဲ့ လာမကြိုဘူး"
အိမ်ရှေ့ရောက်တော့ သားကြီးက သမီး ငယ်လေးကို ကဒစ်ခွင်ပြီး ထွက်ကြိုတယ်။
"အမေ မုန့်ပါရား..."
သမီးငယ်ရဲ့ မပီကလာ ပီကလာအသံလေးက နွမ်းနယ်နေတဲ့မျက်နှာကို စမ်းရေလေးနဲ့ တောက်လိုက်သလို။ ခေါင်းပေါ်က ကုန်စိမ်း ထုပ်တွေကို ပစ်ချပြီး၊ "ပါတာပေါ့ မီးမီးရယ်။ အမေက မေ့စရာလား"လို့ ကျီစယ်ရင်း သမီးငယ်ရဲ့ပါးပြင်ကို ရွှတ်ခနဲ တစ်ချက် နမ်းလိုက်တယ်။ ပြီးတော့ စလွယ်သိုင်း လွယ်ထားတဲ့ လွယ်အိတ်ထဲကနေ နနွင်း မကင်းထုပ်ကလေးကို ထုတ်ပေးလိုက်တယ်။ နနွင်းမကင်းက အနည်းငယ်ကြေမွနေပြီ။
"နင့်အဖေ ဘာလုပ်နေလဲ အကြီးကောင်"
"အဖေ အိပ်နေတယ်"
"နင့်အဖေ သောက်လာပြန်ပြီမှတ်လား"
သားကြီးက ဘာမှ ပြန်မဖြေ။ သူ့မျက်နှာ ကို အသာမော့ကြည့်လိုက်တယ်။
"အေးအေး။ နှစ်ယောက်လုံး အိမ်ထဲ ဝင်နေ။ အမေ ကျန်ခဲ့တဲ့အထုပ်တွေ သွားသယ် ဦးမယ်"
ဘူတာပလက်ဖောင်းမှာ ကျန်နေသေးတဲ့ အထုပ်နှစ်ထုပ်ကို ကပျာကယာ သွားသယ် လိုက်တယ်။ အိမ်ကိုပြန်ရောက်လာတော့ လူက အတော်ပန်းနေပြီ။ အိမ်ဝမှာတင်ထားတဲ့ သောက်ရေအိုးထဲကနေ ရေတစ်ခွက် လှမ်းခပ် လိုက်တော့ စတီးရေခွက်နဲ့ အိုးဖင်ရဲ့ ရှပ်ထိသံက "ဂျလိ"ခနဲ ပေါ်လာတယ်။ တစ်ဝက် တစ်ပြက်ပါလာတဲ့ရေကို ငဲ့ကြည့်လိုက်တော့ အမှုန်တချို့က ရွေ့လျားနေတယ်။ ရေကို အသာသဲ့သောက်လိုက်မှ မောပန်းမှုဟာ လျော့လာတော့တယ်။
အိမ်ပေါ်တက်လိုက်တော့ ဘုရားစင်ရှေ့မှာ တင့်ဆွေက မှောက်ခုန်ကြီး အိပ်နေတယ်။ ကိုယ်ပေါ်မှာက အင်္ကျီမရှိ။ ပြေလျော့လျော့ ပုဆိုးမှာက ရွှံ့ရာတွေဗရပွနဲ့။ ပုဆိုးအောက်စက ဒူးအထက် လိပ်တက်နေတယ်။ ရုပ်ပျက် ဆင်းပျက် အိပ်နေတဲ့ ယောက်ျားကိုမြင်တော့ သူ့ဒေါသတွေ တောင်လိုပြိုဆင်းလာတယ်။
"ဟဲ့… တင့်ဆွေ။ ထစမ်း။ အမလေးတော် ဆိုက်ကားနင်းပြီး ဘုရင်လို ဇိမ်ခံနေတယ်။ ငါ့မှာတော့ မိသားစုအတွက် ရှာလိုက်ရတာ သေတော့မယ်"
သူ့စကားကို တင့်ဆွေ မကြားနိုင်။ တဘူးဘူးမှုတ်နေတဲ့ ဟောက်သံက တစ်အိမ်လုံး လှိုင်ထနေတယ်။ ဘယ်လိုအော်အော် အအိပ်မပျက်တဲ့ တင့်ဆွေကိုကြည့်ပြီး မသိန်းမေ မျက်ရည်ဝဲမိတယ်။
မီးဖိုခန်းလေးထဲဝင်လာတော့ စားပြီးသား ပန်းကန်တွေက မဆေးရသေး။ ဆန်အိုးကို ဖွင့်ကြည့်တော့ ဒီညနေစာ ကျန်သေးတယ်။ မနက်ဖြန်မနက်အတွက်တော့ မရှိတော့ဘူး။ ဝယ်ရဦးမပေါ့။
"အကြီးကောင်ရေ။ မင်းနှမကိုထားပြီး ဈေးသွားဝယ်ပေးဦး"
လွယ်အိတ်ထဲကနေ တစ်ရာတန်၊ နှစ်ရာတန်၊ ငါးရာတန်လေးတွေကို အသာဆွဲထုတ်ပြီး ဖြန့်စီလိုက်တယ်။ ပြီးတော့ အကြီးကောင်ကို ဆန်သုံးဘူး၊ ဆားအုန်းဆီ တစ်ဆယ်သား၊ အချိုမှုန့်အထုပ်သေးတစ်ထုပ်နဲ့ ငါးပိရည်ကျို နှစ်ရာဖိုး ဝယ်ခိုင်းလိုက်တယ်။
"အမေ့။ ဆရာမက မှာထားတယ်။ ဆားအုန်းဆီနဲ့ အချိုမှုန့်ကို မစားရဘူးတဲ့။ အန္တရာယ်ရှိလို့ သေတတ်တယ်တဲ့"
"အမလေး ကိုပညာရှိကြီးရယ်။ နင့် ဆရာမကို ပြန်သာပြောလိုက်ပါ။ သေမယ်ဆို ငါသေတာကြာပြီလို့။ တကယ်တည်း ပိုက်ဆံ မရှိလို့ပေါ့။ ရှိမှတော့ ပဲဆီတို့၊ အသားမှုန့်တို့ သုံးမှာပေါ့လို့။ ဒါတွေမစားလည်း ငါတို့မိသားစုမှာ စားစရာမရှိလို့ သေမှာပဲဟေ့"
ပြောလည်းပြော၊ ပိုက်ဆံတွေကိုလည်း သားကြီးလက်ထဲ ဆောင့်ထည့်ပေးလိုက်တယ်။ သားကြီး ဈေးသွားတော့ မဆေးရသေးတဲ့ ပန်းကန်တွေကို လိုက်သိမ်းပြီး ဆေးကြော လိုက်တယ်။ နဖူးပြင်မှာ ချွေးစေးတွေကို လက်ခုံနဲ့ ပွတ်သုတ်ရင်း မီးဖိုခန်းလေးထဲမှာ လက်ကျန်ဆန်လေးနဲ့ ထမင်းအိုးတည်ထား လိုက်တယ်။ ဟင်းချက်ဖို့ကတော့ အိမ်ရှေ့မှာ ပစ်ချထားတဲ့ ကုန်စိမ်းထုပ်တွေထဲကနေ ကန်စွန်းရွက်တစ်စည်း ဆွဲထုတ်လိုက်တယ်။ ပြီးတော့ ခပ်မြန်မြန်ပဲ အရွက်တွေ သင်ထား လိုက်တယ်။ သားကြီး ဈေးကပြန်လာရင် တန်းချက်လိုက်ရုံပဲ။
အခုချိန်ထိ တင့်ဆွေက မနိုးသေးဘူး။ အရက်တန်ခိုးက အိပ်မက်တွေ ဝေသီနေတယ် ထင်ပါ့။ သမီးငယ်လေးကတော့ နနွင်းမကင်း တွေစားနေတာ ပေနေပြီ။ သားကြီးပြန်လာတော့ အသင့်ပြင်ထားတဲ့ ကန်စွန်းရွက်တွေကို ကြော်လိုက်တယ်။
"ရှဲခနဲ"အသံကြားတော့ သားကြီးက လှမ်းမေးတယ်။
"အမေ့။ ဒီနေ့လည်း ကန်စွန်းရွက်ကြော်ပဲလား"
"အေးပေါ့ဟဲ့။ နင်က ဘာစားချင်လို့တုန်း။ ကန်စွန်းရွက်ကြော်စားရတာပဲ ကံကောင်းတယ်မှတ်"
"အမေကလည်း ကန်စွန်းရွက်ကြော် နေ့တိုင်းစားရလွန်းလို့ သားတို့မျက်နှာလည်း ဆိတ်ရုပ်ပေါက်တော့မယ်"
"အေး... ငါ့လုပ်စာစားလို့ ဆိတ်ရုပ်ပေါက်တာ တော်သေးတယ်မှတ်။ နင့်အဖေ တင့်ဆွေ လုပ်စာသာ စားရမယ်ဆိုရင် ငါတို့တစ်မိသားစုလုံး ခွေးရုပ်ပေါက်မှာ သေချာတယ်"
"သိန်းမေ။ ဟဲ့ …… သိန်းမေ"
အိမ်ရှေ့က ခေါ်သံကြားတော့ သားမိ နှစ်ယောက် ခေါင်းပြူကြည့်လိုက်တယ်။
"ဪ …… ဒေါ်ကြင်မြ။ ခဏနော်"
လွယ်အိတ်ထဲကနေ ပိုက်ဆံတချို့ကို သပ်သပ်ရပ်ရပ်စီပြီး ဒေါ်ကြင်မြကို လှမ်းပေး လိုက်တယ်။ ဒေါ်ကြင်မြက ငွေစက္ကူ နွမ်းနွမ်းတွေကို သေသေချာချာစစ်ယူသွားပါတယ်။
"အဲဒီအဒေါ်ကြီးက နေ့တိုင်းပဲ ပိုက်ဆံလာ လာယူနေတာ။ ဘာဖြစ်လို့လဲ"
"ဪ… အမေက သူ့ဆီကနေ နေ့ပြန်တိုး ယူထားတာကိုးကွဲ့"
နေ့ပြန်တိုးဆိုတာ ဘာမှန်းမသိပေမယ့် သားကြီးက ဆက်မမေးတော့ဘူး။ ခဏနေတော့ သားကြီးရဲ့နှာခေါင်းဝဆီ ကန်စွန်းရွက်ကြော်အနံ့က လွင့်ပျံ့လာတယ်။ ကြက်သွန်ဖြူနံ့ သင်းသင်းကလေးက နှစ်လိုဖွယ်တော့ ကောင်းသား။ ဒါပေမယ့် နေ့တိုင်းလိုလို ရှုရှိုက်နေရတော့ မတပ်မက်တော့။ စိတ်ထဲမှာ ကြက်သားဟင်းနံ့၊ ဝက်သားဟင်းနံ့လေးတွေကိုသာ ရှုရှိုက်ချင်နေမိတယ်။ ။
ချစ်ခိုင်စံ (ဘီအီးဒီ)
ကြေးမုံသတင်းစာ
No comments:
Post a Comment
မင်္ဂလာပါ ရွှင်လန်းချမ်းမြေ့ပါစေ