Tuesday, 20 June 2017
ဝဠ်​​ကြွေး ​ကျေပါ​စေ
ဝဋ်ကြွေးဟူသမျှဒီဘဝဒီမျှသာ
____________________________
ကိုယ်ထိလက်ရောက်နာကျင်အောင်တော့ လုပ်မသွားပါဘူး ။
ဒါပေမဲ့ အပြင်ဒဏ်ရာထက် ပိုနာကျင်စေပါတယ် ။
စကားလုံးတွေနဲ့  ထိုးနှက်သွားကြတယ် ။
ကိုယ့်စိတ်ထဲကတော့နင့်နေအောင် ခံစားလိုက်ရတာပေါ့ ။
အနိုင်ရသွားလို့  စိတ်ပျော်ရွှင်သွားကြပြီလား ကျေနပ်ပါတယ် ။
ဝဋ်ကြွေးသာကျေပါရစေ ဒီဆုတောင်းလေးပဲ ယူလိုက်ပါတယ် ။
တစ်ဘဝထဲ မပြီးဆုံးနိုင်တဲ့ သံသရာဝဋ်ဆင်းရဲထဲမှာ ဆုံလာ
ရတဲ့ သူတိုင်းဟာ အတိတ်က ရေစက်ရှိလို့  ကြုံရတယ် ဆုံရ
တာပါ ။ အနိုင်ယူသွားသူတွေဟာလည်း အတိတ်ဘဝက
ပေးဆပ်စရာရှိတဲ့အကြွေးပေးဆပ်လိုက်ရတယ်လို့ ပဲခံယူ
လိုက်ပါတယ် ။
ကိုယ့်အပေါ် အနစ်နာခံပြီး ဆက်ဆံပေးနေသူတွေဟာလည်း
ကိုယ့်ကို ဝဋ်ရှိလို့  ဆပ်နေရတာ အနိုင်ရတိုင်း အနိုင်မယူခဲ့ဘူး။
ကိုယ့်အကျိုးစီးပွားကို ထိခိုက်နစ်နာအောင်လုပ်သွားတယ် ။
ကိုယ့်သိက္ခာတွေရစရာမရှိအောင်နောက်ကွယ်မှာပြောတယ် ။
ကိုယ်ကပေးတဲ့ အချစ် မေတ္တာကို မတူတန်အောင်
ရက်စက်စွာ စော်ကား ဥပက္ခာပြုသွားတယ် ။
နေပါစေ ကိုယ့်ဝဋ်ကြွေးတွေကျေကုန်ပြီး ဒီလိုစိတ်လေးကို
ခံယူမိချိန်ကစပြီး စိတ်နှလုံးတွေ အေးချမ်းစေလာပါတယ် ။
ကိုယ့်အပေါ် အခြောက်တိုက်မုန်းနေလား ကိုယ်ပြန်မမုန်းပါဘူး ။
ကိုယ့်စိတ်ကိုယ် နိုင်အောင်ချွန်းအုပ်လိုက်တယ် ။
ကိုယ့်အကျိုးစီးပွားကို ထိခိုက်အောင်လုပ်နေလား ဒေါသ
အလျဉ်းမရှိပါဘူး ။ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်
နေလိုက်တယ် ။
ကိုယ့်မကောင်းကြောင်းတွေ နောက်ကွယ်မှာပြောပြီး
သိက္ခာချနေလည်း ကိုယ်မရှက်ပါဘူး ။
ကိုယ့်ကိုယ်ကိုယ် မှန်အောင်နေလိုက်တယ် လမ်းဆုံးရင်
လောကကြီးရဲ့ ဓမ္မတာအတိုင်း ပြုလိုက်သူသာ အသစ်ပြန်
ခံရမမြဲမို့ 
ဝဋ်ကြွေးအသစ်ကိုမယူတော့ဘူး ဝဋ်ဟောင်ကျေသည်အထိ
ပဲ ဆပ်လိုက်ပါရစေ ။
" ကြမ္မာဝိဘတ် နောက်ပိုးတက် ' တဲ့ အရမ်းကြောက်မိပါတယ် ။
ဒါကြောင့် ဘယ်သူ့ အပေါ်မှာလည်း စိတ်ယုတ်မာမမွေးချင်ဘူး ။
ဘယ်သူ့ ကိုမှလည်း အငြိုးမထားချင်ဘူး ။ ကိုယ့်ကြောင့်တပါး
သူတွေရဲ့ အကျိုးပျက်စီးရမဲ့ အလုပ်ဆိုအဝေးဆုံးက ရှောင်
လိုက်ပါတယ် ။
ချစ်နေခင်သူတွေကြားထဲ တစ်ယောက်နဲ့  တစ်ယောက်အမုန်း
ပွားစေမဲ့ အလုပ် ဘယ်သောအခါမှမလုပ်ဘူး ။
ကိုယ်လည်းမကြုံချင်ဘူး ဒါပေမဲ့ ကြုံခဲ့ရတယ် စိတ်မကောင်း
ဖြစ်ရုံကလွဲပြီး ဝဋ်ကြွေးပါလို့  ဆပ်လိုက်ရတယ်ပဲခံယူလိုက်
ပါတယ် ။
စိတ်ဝမ်းကွဲအောင် ကြားဝင်တဲ့သူတွေ ။
သူများအကျိုးပျက်စီးအောင်လုပ်နေတဲ့သူတွေ ။
ဒီလိုလူတွေကို ဘေးကကြည့်ပြီး စိုးထိတ်မိတယ် ။
ဝဋ်ကြောင်းတရားကို မကြောက်ကြပါလား ဆိုပြီးတော့ ။
တချို့ ငယ်ရွယ်သေးတော့ ဆင်ခြင်ဥာဏ်နည်းလို့ မှားမိကြ
နည်းကြသူတွေ ။ သူတို့ တွေကိုလည်း ဆုတောင်းပေးမိတယ်
အချိန်မှီအမြန် အသိတရားတွေကိုပြင်ဆင်နိုင်ကြပါစလို့  ။
ကိုယ်ဆုံးရှုံးခဲ့ရသမျှတွေ ၊ ကိုယ်ပေးဆပ်ခဲ့ရသမျှတွေဟာ
ဖြစ်ချိန်တန်လို့  ဖြစ်သွားခဲ့တယ် ပျက်ချိန်တန်လို့  ပျက်သွား
ခဲ့ရတယ် ။
ဒီလိုဖြည့်တွေးခံယူ လိုက်တော့ စိတ်ဆိုးဒေါသ
ဖြစ်စရာမရှိတော့သလို စိတ်တွေအေးချမ်းလာစေခဲ့လို့ 
ကိုယ်မရှုံးပါလားဆိုပြီး စိတ်တွေတောင် ပျော်ရွှင်လာစေ
ပါတယ် ။
ကိုယ့်အသက်ထက်မကချစ်သူဖြစ်ပါစေ ၊ ကိုယ့်ဘဝထဲမရှိ
မဖြစ်ဆိုသူတွေဖြစ်ပါစေ ဘယ်လောက်ခင်မင်နေတဲ့သူတွေ
ဖြစ်ပါစေ တစ်နေ့  အချိန်တန်ရင် သူအရင်လား
ကိုယ်အရင်လားဆိုတာ မသိတဲ့ ထာဝရခွဲခွာခြင်းနဲ့  ခွဲခွာကြ
ရမှာပါ ။
ဒီလိုတွေးပြီးခံယူလိုက်တော့ အမုန်းတရား အငြိုး
တွေဆိုတာ စိုးစဉ်းမျှ  မထားချင်တော့ပါဘူး ။
ကိုယ့်အပေါ် ရက်စက်သွားသူလည်း ပျော်ရွှင်ပါစေ ။
ကိုယ့်အပေါ်မုန်းတီးနေသူတွေလည်း အေးချမ်းကြပါစေ ။
ကိုယ့်အပေါ် အနိုင်လိုသူတွေလည်း ဝမ်းသာနိုင်ကြပါစေ
ဆိုတဲ့ စိတ်ကလေးနဲ့  နေတတ်လာခဲ့ပါတယ် ။
ရှိခဲ့သမျှဝဋ်ကြွေးကိုလည်း ကုန်အောင်ဆပ်မယ်
ဆပ်စရာကျန်သေးရင်လည်း ဒီဘဝမှာသာ ကျေအောင်
ဆပ်ပါရစေ ။
ဝဋ်ကြွေးဟူသမျှ ဒီဘဝဒီမျှသာ ဆိုတဲ့ စိတ်ကလေးနဲ့ 
နေ့ ရက်တိုင်းမှာ ကိုယ်လည်း စိတ်နှလုံးအေးချမ်းနေပါပြီ ။
မင်္ဂလာပါ ရွှင်​လန်းချမ်း​မြေ့ပါ​စေ
No comments:
Post a Comment
မင်္ဂလာပါ ရွှင်​လန်းချမ်း​မြေ့ပါ​စေ